အားလုံးပဲ မင်္ဂလာပါ။
ဒီရက်ပိုင်းမှာ အပျက်ဘက်ကို တွေးမိနေသည်။ ကျွန်တော် နဂိုကတည်းက စိတ်ဓါတ်ကျလျှင်သူများထက်ပိုကျတတ်တာကို သတိထားမိသည်။ အခြေအနေအပေါ်မှာ ဘယ်လိုမှ အကောင်းမြင်လို့ မရဖြစ်နေမိသည်။ ဘယ်ဟာလုပ်မယ်တွေးတွေး အခုလို ခေါတ်ဆိုး စနစ်ဆိုးကို ကျော်ပြီးတော့ မတွေးနိုင်၊ စနစ်ဆိုးက ရှေ့ကနေ ကန့်လန့်ပိတ်နေသည်ဟုခံစားရသည်။
အကောင်းမြင်ပါ အကောင်းတွေးပါ ဆိုသော်ငြားလဲ ထင်သလောက်မလွယ်ကူပဲ ဖြစ်နေတာပါ။ အရေးထဲ လည်ချောင်းနာပြီး လူက မအီမသာ ဖြစ်နေတာ သုံးရက်လောက်ရှိပြီ။ မေတ္တာပို့ ၊ ဘုရားဂုဏ်တော်ပွား ကြည့်သည်၊ စိတ်အေးချမ်းမှု ခဏသာရသည်။ နောက်ဆုံး အော် ငါ နေမကောင်း မကျန်းမာ ဖြစ်နေတာဆိုတေ့ မြတ်စွာဘုရားနဲ့ သံဃာတော် အရှင်သူမြတ်တို့ရဲ့ မေတ္တာကို ခံယူရမည်ထင်သည်ဟု အတွေးဝင်လာပြီး မြတ်စွာဘုရား၊ မိုင်းဖုန်းဆရာတော်နဲ့ ဆရာသမားတို့ရဲ့ မေတ္တာကို အာရုံပြုနေခဲ့မိသည်။ ဆရာသခင်တို့ရဲ့ မျက်နှာတော်တို့ကို မြင်ယောင်မိပြီး ဪ ဒီဆရာသခင်တွေကိုယ့်အပေါ်မှာ မေတ္တာပို့ပေးနေတာပဲ မေတ္တာထားနေတာပဲ ဟု တွေးမိပြီး သူတို့ရဲ့ မေတ္တာဓါတ်ကို ခံစားမိလာသည်။ လှုံခြုံနွေးထွေးသော မေတ္တာဓါတ်ကို ခံစားမိပြီး စိတ်လဲ ပြန်လည်အေးချမ်းလာသလို ခန္ဓာကိုယ်လဲ မအီမသာ ဖြစ်မှုများလဲ သက်သာသွားသည်ဟု ခံစားရမိသည်။ ဆရာသခင်တို့ ဝန်းရံအားပေးနေသည်ဟု ခံစားရမိသည်။
ကောင်းမွန်သောအလေ့အထ
အခြားဘာသာများထဲမှ ခရိယာန်ဘာသာတို့ ပြုလုပ်လေ့ရှိသော ထမင်းမစားခင် ဘုရားသခင်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ ချီးမွန်းခြင်း အလေ့အထကို သဘောကျမိသည်။ မိမိတို့ရဲ့ စိတ်ခွန်အားအတွက် ဂုဏ်ကျေးဇူးကို ချီးမွန်းခြင်း၊ ကျေးဇူးတင်ခြင်း၊ မေတ္တာတော်ကို ခံယူခြင်းတို့သည် အရေးပါလှသည်ဟု ထင်မိပါသည်။ မိမိတို့ရဲ့ vibration ကောင်းမွန်အောင် လုပ်ဆောင်ရန် နည်းလမ်းများအနက် "ကျေးဇူးတရားသိတတ်ခြင်း" ဆိုသော အချက်ပါပါသည်။ (တခြားအချက်များကို အင်တာနက်တွင်ရှာပြီး ဖတ်ရှုနိုင်ပါသည်။) ကျွန်တော့်အနေနဲ့ Good vibration ကို ဖြစ်စေသော အချက်များထဲတွင် "သူတော်ကောင်းတို့ပိုသသော မေတ္တာကို အာရုံပြု ခံယူခြင်း" ဆိုတဲ့အချက်ကို ထည့်သွင်း ချင်ပါသည်။
မိတ်ဆွေတို့အနေနဲ့လဲ အခြားဘာသာဖြစ်ပါက ဆိုင်ရာဆိုင်ရာ သူတော်ကောင်းသူမြတ်လောင်း တို့ရဲ့ မေတ္တာကို ခံယူကြည့်စေချင်ပါသည်။ မိတ်ဆွေတို့အနေနဲ့ စိတ်ခွန်အားဖြစ်စေသော အခြား အလေ့အကျင့်ကောင်းများရှိပါက comment မှာ ရေးပေးနိုင်ပါသည်။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
11th May 2022
Myanmar